IMC ST. CHARLES

Jan 101 min

ယုံကြည်သူနှင့်အသင်းတော်

#ယုံကြည်သူနှင့်_အသင်းတော်

ခေတ်ကာလအခြေအနေအရ ခရစ်ယာန်အများစုဟာ ငယ်ရွယ်စဥ်က ပါဝင်ခဲ့တဲ့ မိခင်အသင်းတော်နဲ့ ဝေးရာမှာ ရောက်ရှိနေကြတယ်။အသင်းတော်သစ်၊ အတွေ့အကြုံသစ်တွေနဲ့မို့ အချို့အတွက် သိပ်အနည်မထိုင်ဘဲ အစီအစဥ်တွေ၊ ဝတ်ပြုကိုးကွယ်ပုံ မတူညီချက်တွေကြောင့် စိတ်ဘဝင်မကျ ဖြစ်တတ်ပါတယ်။ ခေတ်ကာလ အခြေအနေအရ ယုံကြည်သူများအနေနဲ့ အမင်္ဂလာမဖြစ်စေဖို့ မိမိရှိသင့်တဲ့စိတ်နေသဘောထားတွေကို အကြံပြုလိုပါတယ်။

၁။ #ရူပါရုံ

မျက်မှောက်ကာလမှာ အသင်းတော်သစ်တွေ၊ မိသဟာယတွေ ပိုများလာသလို၊ ကြိုကြားအသင်းအဖွဲ့တွေလည်း များလာတဲ့အတွက် မိမိအနေနဲ့ အသင်းတော်သစ် တပါးပါးမှာ ပါဝင်ဖို့အကြောင်းဖြစ်လာရင် အရင်ဆုံးသိရမယ့်အရာက "ဒီအသင်းတော်ရဲ့ ရူပါရုံက ဘာလဲ?" ဆိုတဲ့အချက်ဖြစ်ပါတယ်။

• ဧဝံဂေလိလုပ်ဆောင်ကြလား?

• မိသဟာယဦးစားပေးလား?

• လူမှုရေးဦးစားပေးလား?

၂။ #ခံယူချက်

မိမိတို့ ဝတ်ပြုတဲ့ပုံစံနဲ့ ကွဲပြားတဲ့ပုံစံ ဖြစ်နေရင်တောင် "ဒီအသင်းတော်က ဘယ်လိုခံယူချက်နဲ့ သွားနေလဲ?" ဆိုတာ သိဖို့လိုပါတယ်။ သင်းအုပ်ဆရာက ဘယ်ကျောင်းက ဆင်းလာပါစေ၊ လက်ရှိသူ ဘယ်လိုခံယူချက်ကို ကိုင်စွဲသလဲဆိုတာ သိဖို့လိုပါတယ်။

• ဝိညာဥ်တော်ကို ဦးစားပေးသလား?

• သမ္မာတရားကို ဦးစားပေးသလား?

• သမာရိုးကျ ဦးစားပေးလား?

၃။ #နှုတ်ကပတ်တော်

ကျမ်းစာအုပ်ကို ကိုးကားပြီးဟောပြောကြပေမယ့် "ဒီအသင်းတော်ရဲ့ ဒေသနာက အသက်ဖြစ်သလား? စိန်ခေါ်မှုပေးလား?" ဆိုတာ သေခြာ နားထောင်ရပါမယ်။ ဒေသနာဆရာက သူ့အကြောင်းပဲပြောနေလား? ကြွားနေတာလား? အတင်းပြောနေတာလား? စသဖြင့် ပိုင်းခြားရပါမယ်။ ဒေသနာတွေက

• ခရစ်တော်ကို ဗဟိုပြုသလား?

• ဘုရားရှင်အကြောင်းလား?

• လူမှုရေးနီတိလား?

၄။ #ယုံကြည်သူများ

ကိုယ်က ဧည့်သည်အဖြစ် နေရာသစ်ကို ရောက်သွားတဲ့အခါ "ဒီက အသင်းသားတွေရဲ့ ဝိညာဥ်ရေးက ဘာလဲ?" ဆိုတာ အကဲခတ်ပါ။ အတင်းပြောကြလား? ကူညီချင်ကြလား? သင်းအုပ်ပေါ် သူတို့ဘယ်လိုမြင်လဲ? စသဖြင့် ယေဘူယျ သိထားသင့်ပါတယ်။ လူတိုင်း မစုံလင်ကြပေမယ့် အသင်းသားတွေဟာ

• ဘုရားကိုချစ်ကြလား?

• ဘုရားကို ကြောက်ကြလား?

• ဇာတိဆန်တာ ပိုများကြလား?

၅။ #နေ့ရက်များ

အသင်းတော်တပါးဟာ နေ့ရက်တိုင်းလိုလို သူ့အချိန်ဇယားနဲ့ အသင်းသားတွေရဲ့ ဝိညာဥ်ရေးတည်ဆောက်ပေးဖို့ စီစဥ်ကြပါတယ်။ "ဒီအသင်းတော်ရဲ့ တပတ်တာ အစီအစဥ်တွေက ဘာတွေလဲ?" ဆိုတာကို လေ့လာပါ။ တနင်္ဂနွေနေ့ တရက်ပဲ လူစုဝတ်ပြုတာလား? ကြားရက်တွေမှာ ဝိညာဥ်ရေးအတွက် ဘာတွေပြင်ဆင်လဲ?

• စုပေါင်းဆုတောင်းကြလား?

• မိသဟာယဖွဲ့ခြင်း ရှိလား?

• ဘယ်ရက်တွေ ပါဝင်နိုင်မလဲ?

အကြမ်းအားဖြင့် မိမိပါဝင်မယ့်/ပါဝင်နေတဲ့အသင်းတော်ရဲ့ အခြေအနေကို သုံးသပ်ပြီး၊ ပြင်ဆင်နိုင်ပါတယ်။

#ရှောင်ရမည့်အရာများ

၁။ #အတင်းပြောခြင်း

မိမိပါဝင်နေသော အသင်းတော်ဟာ လူတွေနဲ့ဖွဲ့စည်းထားလို့ အားနည်းချက်တွေ ရှိနေမှာဖြစ်တယ်။ အသင်းတော်ရဲ့ အားနည်းချက်၊ မိမိမနှစ်သက်တဲ့အချက်ကို မိမိနဲ့သဘောတူလူတစုနဲ့ အတင်းမပြောပါနဲ့။ လူတွေအကြောင်းပြောမယ့်အစား ဘုရားကောင်းမြတ်ခြင်း အချင်းချင်းပြောပါ။

၂။ #ပြစ်တင်ဝေဖန်ခြင်း

မိမိရဲ့ခံယူချက်နဲ့မကိုက်ညီရင်တောင်လိုက်လျောညီထွေ ပါဝင်နိုင်ပါတယ်။ အဆင်မပြေရင် အခြားအသင်းတော် တပါးပါးမှာ ပါဝင်လိုက်ပါ။ မိမိခံယူချက်နဲ့အဆင်မပြေတိုင်း ပြစ်တင်ဝေဖန်ခြင်းကို ရှောင်ပြီး၊ နေရာသစ်မှာ နှုတ်ဆိတ်ပါဝင်ခြင်းဟာ သင့်အတွက် ပိုပြီးမင်္ဂလာဖြစ်ပါတယ်။

၃။ #အခွင့်အရေးယူခြင်း

အသင်းတော်အများစုဟာ ကိုယ်ထူကိုယ်ထ ဆက်ကပ်တည်ဆောက်ခြင်း ဖြစ်ကြပါတယ်။ အသင်းတော်နဲ့ဆိုင်တဲ့ အလှူငွေ၊ ပစ္စည်းပစ္စယ၊ အခွင့်အရေးတခုခုကို အခြားသူတွေထက် ပိုပြီးမယူချင်ပါနဲ့။ အသင်းတော်ဆိုတာ ခရစ်တော်ခန္ဓာဖြစ်လို့ ဘယ်လိုတည်ဆောက်ခြင်းမှာ ပါဝင်နိုင်မလဲလို့ အမြဲအဆင်သင့်ပြင်ရမယ့်နေရာ ဖြစ်ပါတယ်။

၄။ #အပြစ်ရှာခြင်း

အသင်းတော်ဟာ အခြားသူရဲ့အားနည်းချက်ကို ရှာဖွေရမယ့်နေရာမဟုတ်ပါ။ အားနည်းသူကို ဖေးကူရင်း တည်ဆောက်ပေးတဲ့နေရာဖြစ်လို့ မိမိဖက်က အကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ ပြင်ဆင်ရမယ့်နေရာဖြစ်ပါတယ်။ သူတပါးအပြစ်ကို ဖုံးဖိပေးသူသာ ဖြစ်ရအောင်။

၅။ #စောတကတက်ခြင်း

အသင်းတော်ဟာ ဘုရားကိုချစ်ပြီး ဆက်ကပ်ခြင်းသက်သက်နဲ့ ပါဝင်အစေခံကြသူများဖြစ်လို့ ကိုယ့်ကိုဟိုဟာမလုပ်ပေးလို့၊ ဒီဟာမကျွေးလို့၊ ဟိုနေ့ကမကူညီလို့ စသဖြင့် ကလေးဆိုးကြီးလို အချိန်ပြည့် စောတကတက်ရမယ့် နေရာမဟုတ်ပါ။ အခြားသူရဲ့ဆက်ကပ်အစေခံခြင်းကို ဂုဏ်ယူတတ်သူများသာ ဖြစ်ကြပါစေ..

#ခရစ်တော်

#puicool

29_11_2023

#𝐒𝐎𝐔𝐑𝐂𝐄_Link

https://m.facebook.com/story.php?story_fbid=10162257870334796&id=505414795&mibextid=Nif5oz

    200
    0